မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၌ လက်နက်ကိုင်သောင်းကျန်းသူများ၏နယ်မြေအတွင်း ဖောက်ခွဲရေး သင်တန်းတက်ရောက်ခဲ့သည့် အမျိုးသား ၄ ဦးနှင့် သင်တန်းတက်ရောက်ရန် စေလွှတ်ပေးသူ ၂ ဦးတို့အား ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ နေပြည်တော်၊ ဇွန် ၉ မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၌ လက်နက်ကိုင်သောင်းကျန်းသူများ၏နယ်မြေအတွင်း ဖောက်ခွဲရေး သင်တန်းတက်ရောက်ခဲ့သည့် အမျိုးသား ၄ ဦးနှင့် သင်တန်းတက်ရောက်ရန် စေလွှတ်ပေးသူ ၂ ဦးတို့ အား ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန်လ ၈ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် ကံမမြို့နယ်၊ ထန်းဖြူ ကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာရှိ တောအတွင်း၌ လက်နက်ကိုင်သောင်းကျန်းသူများ၏နယ်မြေတွင် ဖောက်ခွဲရေးသင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသူများသည် ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အဆိုပါတောအတွင်း သွားရောက်စစ်ဆေးခဲ့ရာ တောအတွင်းရှိ မိုးကာတဲတစ်လုံးအား တွေ့ရှိရပြီး ၎င်းတဲအတွင်းမှ ကျီးမီး ကျေးရွာနေ ရှိုင်းအောင် (၂၉)နှစ် (ဘ) ဦးရန်သိန်းနှင့် အင်ကြီးကုန်းကျေးရွာနေ အောင်ဇော်မိုး (၁၈)နှစ် (ဘ) ဦးခင်မောင်ဦးတို့ ၂ ဦးအား အကြမ်းဖက်တိုက်ခိုက်ရာတွင်အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အဆိုပါနေရာတဝိုက်အား ဆက်လက်ရှာဖွေခဲ့ရာ မိုးကာတဲ၏မြောက်ဘက် ကိုက် ၃၅၀ ခန့်အကွာရှိ မိုးကာတဲတစ်ခုအား ထပ်မံတွေ့ရှိ ခဲ့ပြီး ၎င်းတဲအတွင်းမှ နတ်မီးတောက်ကျေးရွာနေသူများဖြစ်ကြသော ချစ်မိုးလွင် (၂၉)နှစ် (ဘ) ဦးအောင်ဆွေနှင့် ဒေါ်ဌေးဌေးဝင်း (၃၅)နှစ် (ဘ)ဦးတင်ရှိန်တို့ ၂ ဦးအား လက်လုပ်လေသေနတ် ၁ လက် အပါအဝင် အကြမ်းဖက်တိုက်ခိုက်ရာတွင်အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုက်ချက်အရ ၎င်းတို့အား ကံမမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ NLD ပါတီဝင် တိုင်း(၁) လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဇော်ဝင်း (၅၂)နှစ် (ဘ) ဦးဉာဏ်စိန်မှ တစ်ဦးလှျင် ငွေကျပ် တစ်သိန်း(၁၀၀,၀၀ဝိ/)ကျပ်စီပေး၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် သေနတ်ပြုလုပ်နည်းနှင့် ဖောက်ခွဲရေးသင်တန်း တက်ရောက်ရန် စေလွှတ်ခဲ့သဖြင့် ဖြူးမြို့အနီးမှ ၃ နာရီအကြာ ခြေလျင်သွားခဲ့ရသော လက်နက်ကိုင်သောင်းကျန်းသူများ၏နယ်မြေ၌ ဧပြီလ ၁၀ ရက်နေ့မှ မေလ ၁၀ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော သင်တန်းအား တက်ရောက်ခဲ့ပြီး ပြန်လာ၍ ဖောက်ခွဲရေးပစ္စည်း များ ပြုလုပ်နေခြင်းဖြစ်ကြောင်းနှင့် ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ရာတွင် လိုအပ်သော ပစ္စည်းများအား ရေနံ့သာကျေးရွာနေ ပြည့်ဖြိုးအောင်(ခ) ကိုဖြိုး (၃၉)နှစ် (ဘ) ဦးစန်းလွင်မှ လာရောက်ပို့ဆောင် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ NLD ပါတီဝင် တိုင်း(၁) လွှတ်တော် ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဇော်ဝင်းနှင့် ပြည့်ဖြိုးအောင်(ခ) ကိုဖြိုးတို့အား ၎င်း တို့၏နေအိမ်အသီးသီးမှ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖမ်းဆီးရမိသူ များအား လိုအပ်သော စစ်ဆေးမှုများပြုလုပ်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။