ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်အချို့ရှိ အများပြည်သူ အသုံးပြုသည့် လမ်းများပေါ်၌ ပိတ်ဆို့ထားသည့် အတားအဆီးများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့်အတူ ဖယ်ရှားရှင်းလင်း နေပြည်တော် မတ် ၁၈ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလို လားသည့် ဆူပူဆန္ဒပြသူအချို့က ဆူပူဆန္ဒပြခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အကြမ်းဖက်ခြင်းများ ပြုလုပ်လျက်ရှိသည့် အပြင် အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်းများပေါ်၌ အတားအဆီးများချထား၍ ပိတ်ဆို့ခြင်းများ ပြုလုပ်လျက်ရှိသည်။ ထိုသို့ အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်းများပေါ် ပိတ်ဆို့ခြင်းများ ပြုလုပ်ခြင်းကြောင့် အေးချမ်းစွာ လုပ်ကိုင်စားသောက်လျက်ရှိသော ပြည်သူများ၏ သွားလာရေး အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိသည့်အပြင် ယခုအခါ ကာလသည် ပူပြင်းခြောက်သွေ့သည့် ရာသီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကျရောက်ချိန်တွင်လည်း ကောင်း၊ ပြည်သူလူထု၏ အရေးပေါ်ကျန်းမာရေး အခြေအနေ ပေါ်ပေါက်ချိန်တွင်လည်းကောင်း ဆက်သွယ်သွားလာမှုတွင် များစွာ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။ ထို့ကြောင့် အများပြည်သူများ၏ သွားလာရေး အဆင်ပြေစေရန်နှင့် သဘာ၀ ဘေးအန္တရာယ်များ ကျရောက်ပါက ဆက်သွယ်သွားလာရေး အဆင်ပြေစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကားလမ်းများပေါ်ရှိ အတားအဆီးများကို ဖယ်ရှားရှင်းလင်း ပေးကြပြီး တာဝန်သိ ပြည်သူများကလည်း ဝိုင်းဝန်းကူညီဖယ်ရှား ရှင်းလင်းပေးကြသည်။ အများပြည်သူ အသုံးပြုလျက်ရှိသော လမ်းများပေါ်တွင် ပိတ်ဆို့ထားသည့် အတားအဆီးများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက တာဝန်သိပြည်သူများနှင့်အတူ ဆက်လက် ဖယ်ရှားရှင်းလင်းပေးမည် ဖြစ်ကြောင်းနှင့် ခရီးသွား ပြည်သူများ အခက်အခဲဖြစ်စေရန် နှင့် ဘေးအန္တရာယ်များကျရောက်ရာတွင် ကူညီပေးရာ၌ အခက်အခဲဖြစ်စေရန် အတားအဆီးများ ချထား၍ ပိတ်ဆို့မှုများအား ဆက်လက်လုပ်ဆောင်သူများကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ ထိုသို့ အတားအဆီးများကို ဖယ်ရှားရှင်းလင်းပေးသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ နှင့်တာဝန်သိပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိရပါသည် - “လက်ရှိကတော့ သုဓမ္မာလမ်းမကြီးပေါ်၊ ဆင်မဟာသီရိလမ်းတို့မှာ ပိတ်ဆို့နေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့မြို့နယ် ရပ်ကွက်ထဲမှာ လမ်းတွေပိတ်ဆို့နေတာဆိုတော့ တော်တော်လေးကိုလည်း မကျေမနပ်၊ ဝမ်းမသာဖြစ်ရပါတယ်။ အများပြည်သူ သွားလာရေးအတွက် ရပ်ကွက်ထဲမှာ တပ်မတော်ရော၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရော လာရောက်တဲ့အခါမှာ ကျွန်တော်တို့က အမြင်မတော်တော့ ဝိုင်းလုပ်နေရတဲ့ အဖွဲ့တွေကို အားလည်းအားနာတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ဝိုင်းဝန်းပြီးတော့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြတာပါ။ ကျွန်တော်တို့ကို အလှည့်ကျခေါ်ပြီးတော့ ခိုင်းတာမဟုတ်ပါဘူး။ လမ်းတွေပိတ်ဆို့နေတော့ ကျွန်တော်တို့ဈေးသူဈေးသားတွေက လွယ်လွယ်ကူကူထွက်လို့မရဘူး။ ကျန်းမာရေးကိစ္စတွေရော နောက်တစ်ခါ အရေးပေါ် သာရေးနာရေးဖြစ်ရင် ဘယ်မှ ဝင်လို့ထွက်လို့ မရတဲ့အတွက်ကြောင့် အတော်လေးကို ရပ်ကွက်သူရပ်ကွက်သားတွေ ဒုက္ခရောက်နေကြပါတယ်။ အခုလို လမ်းလာရှင်းပေးတော့ ဈေးသူဈေးသားတွေအတွက်လည်း အဆင်ပြေတယ်။ ဈေးရောင်းတဲ့သူတွေလည်း အဆင်ပြေတယ်။ သာရေးနာရေးသွားလာရတာလည်း အဆင်ပြေတယ်။ ခရီးသည်တွေအားလုံးကနေ ပျော်ပျော်ရွှင်ရွှင်နဲ့ အခုလို ပွင့်တဲ့လမ်းတွေအားလုံး ဖြတ်သန်းသွားလာနေကြတယ်။ တော်တော်လေးလည်း ဝမ်းသာနေကြတယ်။ ကျွန်တော်တို့ကတော့ ဒီမှာ ကိုယ့်မြို့နယ်ထဲမှာ ဒုက္ခခံအပင်ပန်းခံပြီးတော့မှ လာရောက်ရှင်းလင်းတဲ့ အဖွဲ့တွေကိုတော့ အများစုကတော့ တော်တော်ကျေးဇူးတင်ကြတယ်။ အနည်းအကျဉ်းလောက်ပဲကျန်တာပေါ့လေ။ ကျွန်တော်တို့ အများစုကတော့ တော်တော်လေးဝမ်းသာနေကြတယ်”ဟု မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။ “ကျွန်တော့်အနေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေမှာ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတာဝန်များကို ဆောင်ရွက်လျက် ရှိပါတယ်။ ဒီနေ့မှာတော့ မြောက်ဥက္ကလာပမြို့နယ်မှာ ပိတ်ဆို့ထားတဲ့ လမ်းအတားအဆီးတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်နှင့်ပြည်သူတွေပါ ပူးပေါင်းပြီးတော့ ပိတ်ဆို့ထားတဲ့ အတားအဆီးတွေကို ရှင်းလင်းဆောင်ရွက်တဲ့ အခါမှာ ရပ်မိရပ်ဖတွေနဲ့ ပြည်သူတွေဟာ အားတက်သရောနဲ့ ပူးပေါင်းပါဝင်လာတာကို တွေ့ရှိရပါတယ်”ဟု လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတော်အရာရှိကြီးတစ်ဦးက ပြောသည်။ “ပိတ်ဆို့ထားတဲ့လမ်းတွေကို တပ်မတော်က ဖယ်ရှားရှင်းလင်းပေးတဲ့ အတွက်ကြောင့် ကျွန်တော်တို့ရဲ့ သွားရေးလာရေးတို့၊ ကျန်းမာရေး တို့အတွက် အဆင်ပြေပါတယ်။ ဒါ့ကြောင့်မို့ ကျွန်တော်တို့ မြို့ခံအနေနဲ့ကလည်း တပ်မတော်နဲ့ ပူးပေါင်းပြီးတော့ ဝိုင်းဝန်းရှင်းလင်းဖယ်ရှားပေးခဲ့ပါတယ်”ဟု မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။ https://cincds.gov.mm/node/11330