CDM ပြုလုပ်ရန် နည်းအမျိုးမျိုးဖြင့် လှုံ့ဆော်/ဖိအားပေးသူများအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် CDM ပြုလုပ်ရန် နည်းအမျိုးမျိုးဖြင့် လှုံ့ဆော်/ဖိအားပေးသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်က အတည်ပြုဖွဲ့စည်းထားသော ဌာန တစ်ရပ်ရပ်၏ ရာထူးနေရာတစ်ခုခုတွင် ခန့်အပ်ခြင်းခံရပြီး နိုင်ငံတော်၏ရသုံးမှန်းခြေ ငွေစာရင်းမှ လစာနှင့်စရိတ် ခံစားသူများ ဖြစ်ကြသည်။ သို့ဖြစ်၍ နိုင်ငံ့ဝန်ထမ်း အားလုံးသည် နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးစီးပွားကို ဦးတည်ပြီး ထမ်းရွက်ရမည့် လုပ်ငန်းတာဝန်၊ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းနှင့် စောင့်ထိန်းအပ်သော ကျင့်ဝတ်တို့ကို မပျက်မကွက် လိုက်နာစောင့်ထိန်းရမည်ဖြစ်သည့်အပြင် မည်သို့သော ဘေးပယောဂနှင့် အကြပ်ကိုင်ခြိမ်းခြောက်မှုများ ရှိစေကာမူ အစိုးရအဆက်ဆက်၏ ပေးအပ်သော နိုင်ငံ့တာဝန်များကို တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် ထမ်းဆောင်ကြ ရမည့်သူများ ဖြစ်သည်။ ယခုအခါ နိုင်ငံ့ဝန်ထမ်းများအနက်အချို့မှာ အစိုးရယန္တရားပျက်ပြားစေရန် ရည်ရွယ်ဆောင်ရွက်နေသည့် ရန်လိုဆန့်ကျင်သူတို့၏ နည်းအမျိုးမျိုးဖြင့်ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊ သွေးဆောင်ဖြားယောင်းခြင်း၊ ဖိအားပေးအကြပ်ကိုင် ခြိမ်းခြောက် ခြင်းများ၊ လူတစ်ဦးချင်း၏ အခွင့်အရေးနှင့်လွတ်လပ်ခွင့်အပေါ် ထိခိုက်စေသည့် ဆိုးရွားသောလုပ်ရပ်များ၊ လူတန်ဖိုးနှင့်ဂုဏ်သိက္ခာထိခိုက်စေသော အပြုအမှု များကြောင့်နိုင်ငံ့တာဝန်များထမ်းဆောင်ရန် ပျက်ကွက်လျက်ရှိကြောင်း သိရှိရသည်။ ထိုသို့ ပျက်ကွက်သူများအနက် အများစုသည် ကိုယ်တိုင်ဆန္ဒမပါသော်လည်း ခြိမ်းခြောက်အကြပ်ကိုင်မှုများကိုမလွန်ဆန်နိုင်၍ လိုက်ပါဆောင်ရွက်နေရသူများ ဖြစ်ကြောင်းတွေ့ရှိရသည်။ အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရပ်ရွာအေးချမ်းသာယာရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်မှ ရပ်ကွက်ကျေးရွာများ အဆင့်ထိ စီမံအုပ်ချုပ်ရေးအဖွဲ့များ ခန့်အပ်တာဝန်ပေးအပ်ခဲ့ရာ တည်ငြိမ် အေးချမ်းရေးကို မလိုလားသူတို့က အုပ်စုဖွဲ့လျက် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများအား ဖိအားပေး ခြိမ်းခြောက်ခြင်း၊ အသက်အန္တရာယ်ရှိစေသည်အထိ ရန်ပြုခြင်း၊ အုပ်စုဖွဲ့ရမ်းကားဆန္ဒပြခြင်း၊ အုပ်ချုပ်ရေးရုံးများရှိ ဆိုင်းဘုတ်များဖြုတ်ချခြင်း၊ ရုံးမတက်နိုင်စေရန် တားဆီးပိတ်ဆို့မှုများစသည့် အစိုးရအုပ်ချုပ်ရေးယန္တရားကို တိုက်ရိုက်ထိခိုက်စေသည့် ဥပဒေမဲ့လုပ်ရပ်များကို ထိပ်တိုက်ရင်ဆိုင်သည့်ပုံစံဖြင့် ပြောင်ပြောင်တင်းတင်း ချိုးဖောက်လာကြောင်း တွေ့ရသည်။ အထက်ပါ ဥပဒေမဲ့တရားလက်လွတ်ဆောင်ရွက်မှုများသည် ရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်များအရ အောက်ပါပြစ်မှုပြစ်ဒဏ်များဖြင့် ငြိစွန်းနေသည် - - ရာဇသတ်ကြီးပုဒ်မ ၁၈၉ ပြည်သူ့ဝန်ထမ်းတစ်ဦး၏ အလုပ်ဝတ္တရား ဆောင်ရွက်ခြင်းကို ခြိမ်းခြောက်လျှင် ထောင်ဒဏ် ၂ နှစ်ထိ - ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃ အစိုးရ ရာထမ်းမှုထမ်းများအား တာဝန်ဝတ္တရား ဆောင်ရွက်မှုကို တားမြစ်ခြင်း၊ နှောင့်ယှက်ခြင်းပြုလျှင် ထောင်ဒဏ် ၇ နှစ်ထိ - ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) အစိုးရ ရာထမ်းမှုထမ်းများကို စိတ်ဓာတ်တက် ကြွမှု၊ စည်းကမ်းသေဝပ်မှု၊ ကျန်းမာမှု၊ ကျင့်ဝတ်ကို ပိတ်ပင်တားမြစ်ရန်၊ အနှောင့်အယှက်ပြုရန် ပြုလျှင် ထောင်ဒဏ် ၂ နှစ်ထိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခဲ့သော်လည်း စိတ်ရှည်သည်းခံစွာဖြင့် စောင့်ကြည့်ခြင်း၊ မေတ္တာရပ်ခံခြင်း၊ သတိပေးခြင်းများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ဖြစ်ပါသဖြင့် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူ၏ လူမှုစီးပွားဘ၀အပေါ် ထိခိုက်ပျက်စီးမှုမဖြစ်စေရေး ရှေ့ရှူလျက် ဖော်ပြပါပြဋ္ဌာန်းချက် များကို ချိုးဖောက်လာပါက မလွှဲမရှောင်သာ ထိရောက်စွာ အရေးယူဆောင်ရွက်ရလိမ့် မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။