Facebook စာမျက်နှာပေါ်၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား ခြိမ်းခြောက်သည့်စာများတင်ဆောင်သူနှင့် လက်ခံထားရှိသူအား ဖမ်းဆီးရမိ နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၇ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ဓမ္ဘီဘူတာတွင် ဒုရုံပိုင်ဖြစ်သူ ဟန်မင်းစိုး (ဘ)ဦးကြည်ဝင်း သည် CDM တွင် ပါဝင်ရန်အတွက် ၎င်း၏ ဇာတိဖြစ်သော နတ်မောက်မြို့ သို့ ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြန်သွားခဲ့ပြီး ဖေဖော်ဝါရီ ၂၁ ရက်တွင် ၎င်း၏ Facebook စာမျက်နှာပေါ်၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား ပြန်ပေးဆွဲရန်၊ အသက်အန္တရာယ်ခြိမ်းခြောက်သည့်စာများနှင့် ညစ်ညမ်းစွာပြောဆိုသည့် စာများဖြန့်ချိနေကြောင်း တွေ့ရှိရသဖြင့် သက်ဆိုင်ရာမှ ဖေဖော်ဝါရီ ၂၃ ရက်တွင် ၎င်းအား ဖမ်းဆီးရမိရေး အမှုဖွင့်ထားရှိခဲ့သည်။ အဆိုပါ ဟန်မင်းစိုး သည် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့၊ ဘော့ကျေးရွာ၏ အရှေ့ဘက်ရှိ တစ်ရွာတည်းနေ ဦးတင်ဝင်း ၏ တောင်ယာတဲတွင် ရောက်ရှိနေကြောင်း သတင်းအရ ဖေဖော်ဝါရီ ၂၆ ရက်တွင် လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ဖမ်းဆီးရာ ၎င်းအား ဆင်းကတ်ထုတ်ထားသည့် ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အထက်ပါဖြစ်စဉ်တွင် တရားခံ ဟန်မင်းစိုး အား လက်ခံထားရှိပြီး သက်ဆိုင်ရာ သတင်းပေးပို့ရန် ပျက်ကွက်ခဲ့သူ ဦးတင်ဝင်းအား ယနေ့နံနက်ပိုင်းတွင် ထပ်မံဖမ်းဆီး၍ အမှုဖွင့် အရေးယူနိုင်ရေး လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။